ခေါင်း သုံးလုံး သရဲနဲ့ လူစားတဲ့ ချောင်း




ကျွန်တော်တို့ရွာ၏အနောက်ဘက်တွင် တသွင်သွင်စီးဆင်းနေသော “ကြာယင်း”အမည်ရှိ ရေစီးသန်သော ချောင်းကြီးတစ်သွယ် ရှိလေသည်။ထိုချောင်းသည် မိုးရာသီရောက်လျှင် ရေစီးဆင်းမှုမှာ အင်မတန်မြန်ဆန်သဖြင့် မည်သူမျှမကူးရဲကြပေ။တစ်နှစ်တစ်ခါလူသေသည်ဟု နာမည်ကြီးသဖြင့် ရှိရင်းစွဲနာမည်ပျောက်ကာ “လူစားချောင်း”ဟုပင် နာမည်တွင်လျှက်ရှိသည်။

မာတာမိခင် ကျေးဇူးရှင်က တောင်ဘက်ရွာသို့ အကြွေးတောင်းခိုင်းသဖြင့် အနည်းငယ်လန့်မိသည်။အခြားတော့မဟုတ် ထိုရွာသို့သွားလိုလျှင် ရွာအနောက်ဘက်”လူစားချောင်း”ဘေးရှိ လယ်ကွင်းများမှဖြတ်၍သွားရမည်ဖြစ်သည်။ဘာပဲဖြစ်ဖြစ်သွားမှဖြစ်မည်။အကြွေးရလျှင် မုန့်ဖိုးငါးရာပေးမည်ဟူသော အမေ့စကားကြောင့် ကြောက်စိတ်များကို အန်တုရင်း လေးလံသောခြေလှမ်းများဖြင့်ခရီးစလိုက်သည်။ “လူစားချောင်း”ဘေးတွေ လူစုလူဝေးများ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။”ဘမောင်ရေ ငါ့ကိုခွင့်လွတ်ပါကွာ။မင်းတကယ်မကူးဘူးထင်ပြီး အရက်တစ်လုံးကြေးလောင်းမိတာ”တစ်စွန်းတစ်စ ကြားမိသောအသံလာရာစီသို့ ကျွန်တော်လျှောက်သွားသည်။ထိုအသံပိုင်ရှင်အနီးရှိ လူတစ်ယောက်ကိုမေးကြည့်ရာ အရက်တစ်လုံးကြောင့် ချောင်းကိုဖြတ်ကူးသူ “ကိုဘမောင်”မှာ အရက်သောက်သည်မှလွဲ၍ စိတ်သဘောအလွန်းကောင်းကြောင်း၊ကူညီတတ်သူဖြစ်ကြောင်း၊ယခုထိတော့ သေသလားရှင်သလား မသိရသေးကြောင်းပြောပြလေသည်။

ကျွန်တော်လည်း အကြွေးတောင်းရန်ရှိသေးသဖြင့် တောင်ဘက်ရွာသို့ခရီးဆက်ရသည်။ မနေ့ညက မိုးသည်းထန်စွာရွာသွန်းထားသော်လည်း ယခုအချိန်တွင် နေမင်းကြီးသည် ကျွန်တော့်ရဲ့ခေါင်းတည့်တည့်ပေါ်တွင် မိန့်မိန့်ကြီးပြုံး၍ကြည့်နေသည်။ပူလောင်မှုတွေပေးစွမ်းရန် အသင့်အနေအထားဖြင့် ကျွန်တော်နှင့်အတူ လယ်ကွင်းများကိုဖြတ်၍လိုက်ပါလာတော့သည်။

“ဗျို့ ရီးလေးတင်ကြည်၊အမေကအကြွေးတောင်းခိုင်းလို့” ရွာ၏ဓလေ့ထုံးစံ အတိုင်းအပေါက်ဝမှ ရပ်၍ အကြွေးကိုအော်တောင်းနေခြင်းဖြစ်သည်။ထိုအချိန်တွင် ကျွန်တော်ရဲ့အသက်မှာ တစ်ဆယ်ငါးနှစ်ခန့်ပင်ရှိဦးမည် ဖြစ်သည်။ယနေ့ခေတ်တွင်သာ အကြွေးအော်တောင်းမိလျှင် အဆဲခံ၊အရိုက်ခံထိမည်မှာ မလွဲဧကန်ဖြစ်ပေသည်။အခန့်မသင့်လျှင် အသက်ပါဆုံးရှုံးနိုင်သည်။ “ဟဲ့ အသံပြဲကြီးနဲ့အော်မနေနဲ့၊ရီးလေးတင်ကြည် ယာထဲသွားတယ်။သူပြန်လာတဲ့အချိန်ထိစောင့်တဲ့”စွာတေးလန်နေသော ဂျမ်းပုံမ ၏အသံပင်ဖြစ်သည်။”ဖြည်းဖြည်းပြောပါ ဂျမ်းပုံမရယ်၊လန့်လိုက်တာ”လူကောင်ကသာထွားတာ ကျွန်တော်ကအသည်းငယ်သည်။အိမ်ထဲသိုဝင်ထိုင်ခိုင်းကာ ထန်းလျက်နှင့်ရေးနွေးကြမ်း ဧည့်ခံလေသည်။ဂျမ်းပုံမသည် ရီးလေးတင်ကြည်၏တူမဖြစ်ပြီး ကျွန်တော်နှင့်ကျောင်းနေဖက်ဖြစ်သည်။ကျွန်တော်လည်းရွာက အကြောင်းများပြောပြ၊ဂျမ်းပုံမကလည်း ကျောင်းဆက်မတက်ချင်တော့ကြောင်း၊ရီလေးတင်ကြည်နှင့်ယာထဲလိုက်ပြီးကူချင်ကြောင်းပြောပြသဖြင့် စိတ်မကောင်းဖြစ်မိသည်။

စကားပြော၍ကောင်းနေချိန်တွင် ရီးလေးတင်ကြည်သည် တောင်းကြီးခေါင်းပေါ်ရွဲ့၍ အိမ်ထဲသို့ မောဟိုက်တုန်ရီစွာ ဝင်လာသည်။တောင်းကြီးကိုမြေပြင်ပေါ်သို့ချ၍ ရေအိုးစင်မှ ရေတစ်ခွက်ကို အားရပါးရမော့သောက်လိုက်သည်။ထိုနောက် ရစရာရှိသော အကြွေးကို ရီလေးတင်ကြည်မှပေးရင်း”ရော့ ဘူးသီးနှစ်လုံးပါယူသွား လတ်လတ်ဆတ်ဆတ် ယာထဲက ခူးလာတာ”တောင်းထဲမှ ဘူးသီးနှစ်လုံးကို ဟင်းစားအဖြစ်ပေးလိုက်သေးသည်။ကျွန်တော်လည်းရစရာရှိတာယူပြီးသည်ဖြစ်၍ ရီလေးတင်ကြည်နှင့်ဂျမ်းပုံမ ကိုနှုတ်ဆက်ကာ ရွာသို့ ပြန်လာသည်။

နေ့လည်ကအဖော်ပြုခဲ့သော နေမင်းကြီးသည် အနောက်ရိုးမသို့မေးတင်ကာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ရွာသို့ပြန်လာရင်း ချောင်းစပ်က အဖြစ်အပျက်ကိုပြန်တွေးမိသည်။ထိုချောင်းတွင်မျှောပါသွားပါက အသက်ရှင်သည်ထက် သေဖို့က ရာခိုင်နှုန်းပိုများသည်။အလောင်းသည်လည်း ရွာတောင်ဘက်လယ်ကွင်းနှစ်ကွက်ကျော်ရှိ ချောင်းစပ်သရက်ပင်ကြီးခြေရင်းတွင် သွား၍တင်လေ့ရှိသည်။ကျွန်တော်လည်းအတွေးစများဖြတ်ကာ ဘူးသီးနှစ်လုံးကိုကြည့်၍ပြုံးမိသည်။အခြားတော့မဟုတ် အိမ်ရောက်လျှင် ကြက်သားနှင့်ဘူးသီးချက်စားမည်ဟုတွေးကာပျော်နေမိသည်။

ပျော်ရွှင်မှုများသည် စက္ကန့်ပိုင်းအတွင်း ရုတ်ချည်းပျောက်ကွယ်သွားသည်။ မာယာများသောမိုးသားများသည် အညိုးကြီးစွာ ရွာသွန်းလိုက်ခြင်းကြောင့်ဖြစ်သည်။ဘူးသီးနှစ်လုံးမှာလည်း မိုးရေများကြောင့် ချော်ကာ မကြာခဏပြုတ်ကျလေသည်။အိမ်ရောက်လျှင် ကောင်းပါ့မလားဟုတွေးကာ စိတ်ပူရပြန်သည်။လျှပ်စီးများလက်ကာ မိုးများပင်ခြိမ်းလာသဖြင့်ယောင်ရမ်းကာ နားနှစ်ဖက်ကိုပိတ်လိုက်သည်။လွတ်ကျသွားသောဘူးသီးနှစ်လုံးမှာ ဘယ်ကိုရောက်သွားသည် မသ၊ိ မိုးထဲရေထဲ မှောင်မှောင်မဲမဲ လိုက်ရှာရပြန်သည်။

“အောင်မလေးဗျ”ကိုယ့်အာရုံနှင့်ကိုယ် ဘူးသီးပျောက်ရှာပုံတော်ဖွင့်နေစဉ် နောက်မှတစ်စုံတစ်ရောက်က လာပုတ်သဖြင့် အလန့်တကြားအော်မိခြင်းဖြစ်သည်။”ရော့ မင်းရှာနေတာ ဒါလား”ဘူးသီးနှစ်လုံးကို မြှောက်၍ပြလေသည်။”ဟုတ် အဲ့ဒါကျွန်တော့်ဘူးသီးတွေဗျ ခင်ဗျားကဘယ်သူလဲ”ကျွန်တော်လည်း ခပ်လန့်လန့်ဖြင့်မေးမိသည်။ထိုလူမှာ ဘာမှမပြောသေးဘဲ ငူငူကြီးရပ်နေကာ ခေါင်းငိုက်စိုက်ဖြင့် ကျွန်တော့်အနားပိုတိုးလာသည်။အသံအောအောကြီးဖြင့် “ငါ့နာမည်က ဘမောင်”၊ကျွန်တော် အသက်ရှူဖို့ပင်မေ့သွားသည် လူကလည်းကြောင်ကာ ရပ်နေမိသည်။အော်ချင်သော်လည်းအသံကမထွက်။ ထို့နောက် “ဘာမှကြောက်မနေနဲ့ ငါကစတာပါကွ မင်းကလည်းလန့်တတ်ရန်ကော”အသံမှာပုံမှန်အသံဖြစ်သွားသဖြင့် ကျွန်တော်လည်း ခုမှအသက်ကို ဝဝရှူမိတော့သည်။

ကျွန်တော့်ဘူးသီးနှစ်လုံးကို ပခုံးနှစ်ဖက်ပေါ်တင်ထားကာ သူလည်းရွာပြန်မှာဖြစ်ကြောင်း လိုက်ပို့မည်ဖြစ်ကြောင်းပြောကာ နှစ်ယောက်သား စကားတပြောပြောနှင့်ရွာသို့ပြန်လာကြသည်။ကိုဘမောင်မှာ ကျွန်တော်တို့ရွာသူ မလှမြင့်နှင့်အိမ်ထောင်ကျကာ ကျွန်တော်တို့ရွာတွင်အခြေချခြင်းဖြစ်ကြောင်းပြောပြသည်။သို့သော် ကိုဘမောင်သည် နေ့ဘက်မြို့သို့တက်ကာ အလုပ်လုပ်ပြီး ညဘက်မှပြန်လာရကြောင်းထပ်မံပြောပြသည်။ထို့ကြောင့်ကိုဘမောင်ကို ကျွန်တော်မမြင်ဘူးသလို မျက်မှန်းပင်မတန်းမိချေ။

“နေ့လည်က ကိုဘမောင်ရေထဲမျောသွားတယ်ဆို”ကျွန်တော်လည်းခုချိန်ထိ စိတ်ထဲမသင်္ကာသဖြင့်မေးလိုက်ရာ “အေးလေ ဟုတ်သကွ ဒါပေမယ့် ငါမသေဘူး ရေကူးတတ်တယ် ဟဲဟဲ”ရယ်ကာမောကာပြောနေလိုက်တာ တကယ့်လူပဲ ဟု စိတ်ထဲကတွေးထင်မိသည်။”ဟိုကောင့်ကိုစ ချင်လို့ သရက်ပင်ခြေထိကူးသွားတာ သရက်ပင်ကြီးကွယ်ပြီး ငါပြန်တက်လာတာ အဲ့ကောင်မသိဘူး ဟဲဟဲ ။အော်ပြီးငါ့ကိုတောင်းပန်နေတာ ငါကြားသားပဲ”ပြောလည်းပြော ဘူးသီးကြီးနှစ်လုံးလည်းထမ်းလို့ ရွာနားပင်ရောက်လာချေပြီ။ထိုနောက် စကားပြောနေရင်းဖြင့် ကိုဘမောင်အသံမှာ ငိုသံပါကြီးဖြင့်”ငါ့မိန်းမပေါ့ကွာ မနက်အစောကြီးအရက်သောက်လို့တဲ့ သူစီးတဲ့ဖိနပ်နဲ့ ငါ့ကိုရိုက်တာ၊ငါအရမ်းဝမ်းနည်းတယ်”အသံများမှာ တစ်စတစ်စ တုန်ရီလာသည်။ရွာတံခါးဝသို့အရောက်တွင်”ဟာ မေ့နေတာ ခုမှသတိရတယ် ငါ့လက်ကျန်ပုလင်းလေး သရက်ပင်ကြီးခြေရင်းမှာကျန်နေခဲ့တယ် ငါအဲ့ဒါလေးသောက်မှအိပ်ပျော်မှာကွ မင်းပြန်နှင့် ငါနောက်ကလိုက်ခဲ့မယ် ရော့”ပုခုံးပေါ်မှ ဘူးသီးနှစ်လုံးကို ကျွန်တော့်ထံပေးကာ ပြေးသွားလေတော့သည်။

အိမ်သို့ရောက်သောအခါ အမေကကျွန်တော့်လက်ထဲက ဘူးသီးနှစ်လုံးကိုယူပြီး စားပွဲခုံပေါ်သို့တင်လိုက်သည်။အဝတ်စားလဲရန်ပြောပြီး ရေနွေးနှင့်ဦးတင့်တယ် လျှာပွတ်ဆေးတိုက်လေသည်။ထိုနောက်”ကြာလိုက်တာ ဘာလို့ဒီချိန်မှပြန်လာတာလဲ”အမေက စိုးရိမ်သောအသံဖြင့်မေးလေသည်။”အမေပဲအကြွေးရအောင်တောင်းခဲ့ဆိုလို့ ရီးလေးတင်ကြည် မလာမချင်းစောင့်တောင်းနေတာလေ။ ဘာဖြစ်လို့လဲ”မတင်မကျေလေသံဖြင့်မေးလိုက်သောအခါ အမေက နှုတ်ဆိတ်၍နေလေသည်။ ကျွန်တော်ကပဲဆက်၍”ဘာမှစိုးရိမ်မနေနဲ့ ခုအိမ်တောင်ပြန်ရောက်နေပြီ မလား။ ဒီဘူးသီးနှစ်လုံးနဲ့ ရွာကိုလည်နေတာပဲ ။တော်သေးတာပေါ့ ကိုဘမောင်နဲ့တွေ့လို့”။ “ဘာ…..”အမေ့အသံကိုကြားလိုက်သောအခါ လက်ထဲမှသောက်လတ်စ ရေနွေးခွက်ပင်လွတ်ကျသွားသည်။”ဟုတ်တယ်လေ ရွာထိပ်ထိသူလိုက်ပို့တာ။အရက်ပုလင်းကျန်နေလို့ဆိုပြီး ပြန်သွားယူလေရဲ့”အကျိုးအကြောင်းရှင်းပြလိုက်သည်။

“အမလေးဟယ် ဘမောင်က ညနေကပဲ ဆုံးပြီဟဲ့။သရက်ပင်ကြီးခြေရင်းမှာ သူ့အလောင်းတွေ့တာ လက်ထဲမှာလဲအရက်ပုလင်းကြီးပိုက်လို့တဲ့”အမေ့စကားသံကိုကြားလိုက်ရသောအခါ နားထင်ကြောများထောင်သွားသည်။သွေးလန့်သွားသဖြင့် တစ်ကိုယ်လုံးတုန်ယင်ကာ ချမ်းတုန်လာတော့သည်။ နောက်တစ်နေ့တွင် တစ်ရွာလုံးနီးပါး လာရောက် သတင်းမေးကြသည်။ ကျွန်တော်ကို နေကောင်းသလား။ ဘယ်လိုနေသေးလဲ။ သက်သာလား ဟုမေးခြင်းမဟုတ် ကိုဘမောင်အကြောငေးမေးကြခြင်းဖြစ်သည်။ သူတို့မေးတိုင်း ဘူးသီးနှစ်လုံးထမ်းလာသောကိုဘမောင်ကို ခေါင်းသုံးလုံးဟု မျက်လုံးထဲတွင် မြင်ယောင်မိသည်။လန့်ဖျား ဖျားသောလူကိုလန့်စရာအကြောင်းများ ခဏခဏမေးသဖြင့် ပို၍ပို၍လန့်ကာ တစ်လခန့်ဆေးကုယူလိုက်ရပါတော့သည်။

လေးစားလျှက်

အလွမ်းသစ် (ကာရံ)

Source link




Be the first to comment

Leave a Reply

Your email address will not be published.


*